ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံသူ နိုင်ငံသားများ၏ရင်ဆိုင်ကြုံတွေ့နေကြရသည့် Coronavirus Disease 2019 (COVID-19) ရောဂါနှင့်ပတ်သက်ပြီး ကာကွယ်ထိန်းချုပ်ရေး၊ စောင့်ကြပ်ကြည့်ရှုရေး နှင့် ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ၂၂.၄.၂၀၂၀ရက်နေ့ ၊ ညနေ(၄)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး၌ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ ရန်ပုံငွေအနက်မှ အမေရိကန်ဒေါ်လာ(၁)သန်းအား သွားရောက် လှူဒါန်းခဲ့ပါသည်။
လှူဒါန်းပွဲ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းဦး၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ကိုယ်စား အသင်းချုပ် ဒုတိယဥက္ကဋ္ဌ(၁) ဦးလှစိုးဦး ၊ ဘဏ္ဍာရေးမှူး ဒေါက်တာဒေါ်ဖြူဖြူမြင့်နှင့် အသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါလှူဒါန်းမှုမှာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် အလုပ်အမှုဆောင်အဖွဲ့၏ ဦးဆောင်စီမံဆောင်ရွက်မှုတို့ဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါလှူဒါန်းငွေများမှာ မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ဦးဆောင်မှုဖြင့် ကျောက်မျက်ရတနာကုန်သည်များထံမှ မြန်မာ့ကျောက်မျက်ရတနာပြပွဲများတွင် ရောင်းချရငွေများအပေါ် ကောက်ခံရရှိထားသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ ရန်ပုံငွေများမှ အမေရိကန်ဒေါ်လာ(၁)သန်းအား လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။
- MGJEA

