(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို (၂၁-၃-၂၀၂၃) ရက်နေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာ များအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှု ကြသည်။
ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲ အနက် ကျောက်စိမ်းအတွဲအမှတ် (၁)မှ (၇၅၀) အထိ ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်း အတွဲပေါင်း ၅၇၆ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာ သည်။
ပြပွဲ ဆဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲ အနက် ကျောက်စိမ်းအတွဲအမှတ် (၇၅၁)မှ (၁၅၀၀) အထိကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ကျောက်စိမ်းအတွဲအမှတ် (၇၅၁)မှ (၁၅၀၀) အထိ တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ မတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ကြေညာသွားမည်ဖြစ်ကြောင်း သိရ သည်။
ပြပွဲတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၂၉၅ တွဲကို မတ်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၉၀ ကို လည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ တွဲကို မတ်လ ၂၀ ရက်နေ့တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၇၇ တွဲကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။
ထို့အပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။
ယခုကျင်းပပြုလုပ်သည့် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် မတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်းဖြစ်သည်။
Source : Ministry of Natural Resources and Environmental Conservation




