(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို (၁၈-၃-၂၀၂၃) ရက်နေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကား လျက်ရှိသည်။
နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှု ကြသည်။
ယနေ့ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲအမှတ် (၁)မှ အတွဲအမှတ် (၁၅၀)အထိ ပုလဲအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။
ထို့နောက် ပုလဲအတွဲအမှတ် (၁)မှ အတွဲအမှတ် (၁၅၀)အထိ တင်သွင်းထားသော ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၁၄၇ တွဲ ရောင်းချရကြောင်း ကြေညာသည်။
ယနေ့ ရောင်းချခဲ့ရသည့် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် အခြေခံဈေးထားရှိပြီး တန်ဖိုးငွေ ပေးချေရာတွင် ပြည်ပကုန်သည်များသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်နှင့် ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းကုန်သည်များသည် မြန်မာကျပ်ငွေဖြင့် လည်းကောင်း ပေးချေနိုင်ကြောင်း သိရသည်။
ပြပွဲ တတိယနေ့တွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲ အနက်မှ ကျန်ရှိသည့် ပုလဲအတွဲအမှတ် (၁၅၁)မှ အတွဲအမှတ် (၂၉၅)အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင် များကိုလည်း ဖွင့်လှစ်ထားရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။
ယခုကျင်းပသည့် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာကျောက်စိမ်း ခန်းမ၌ မတ်လ ၁၇ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တို့ကို ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Source : Ministry of Natural Resources and Environmental Conservation




