ANNOUNCEMENT  
တန်ဖိုးမြှင့်ကျောက်မျက် အချောထည်နှင့်လက်ဝတ်ရတနာကဏ္ဍ ပြည်တွင်းတွင် ရာနှုန်းပြည့်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေးသည် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်၏ အဓိကရည်မှန်းချက်ဖြစ်သည်။ ထိုရည်မှန်းချက်များပြည့်မီအောင် အကောင်အထည်ဖော်ရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ရာတွင် ပြည်တွင်းရှိ ညီနောင်အသင်းခွဲများနှင့်အတူ ပူးပေါင်းဆောင်ရွက်သလို ပြည်ပမှကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အရှိန်အဟုန်မြှင့်တင်၍ အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းအားထုတ်လျက် အသင်းသူ/အသင်းသားများ၏ လိုအပ်ချက်များကို ပြည့်မီရန်အတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။
Language :    Myanmar  |  English  |  China
NAYPYITAW
YANGON
TEACHERS

ကျောက်မျက်ရတနာသင်တန်းကျောင်း(ရွှေကြာပင်)နေပြည်တော်

ကျောက်မျက်နှင့်လက်ဝတ်ရတနာသက်မွေးမှုနည်းပညာသင်တန်း အမှတ်စဉ်(၃) ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ၂၀  နိုဝင်ဘာ ၂၀၁၉
မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ရွှေကြာပင် ကျောက်မျက်နှင့် လက်ဝတ်ရတနာ သက်မွေးမှု နည်းပညာ သင်တန်းကျောင်း၏ သင်တန်းအမှတ်စဉ်(၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် ကျောက်မျက်ရတနာ အချောထည်ဈေးဝင်း(ရွှေကြာပင်)ရှိ  သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် တာဝန်ရှိသူများက ကျောက်မျက်နှင့် လက်ဝတ်ရတနာ သက်မွေးမှုနည်းပညာ သင်တန်းအမှတ်စဉ်(၃)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက အမှာစကားပြောကြားရာတွင် တွင်းထွက်သယံဇာတများကို အရိုင်းအတိုင်း ရောင်းချသည့်နိုင်ငံများထက် အချောထည်အဖြစ် ထုတ်လုပ်ရောင်းချသည့် နိုင်ငံများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုမရှိဘဲ ဈေးကွက်အကျိုးအမြတ်ကိုလည်း အများဆုံးရရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ အနေဖြင့် သဘာဝ သယံဇာတများကို တူးဖော်ထုတ်လုပ်ခြင်း၊ အရိုင်းအတိုင်း ရောင်းချခြင်းကို ကန့်သတ်လျှော့ချ၍ တန်ဖိုးမြင့် အချောထည်များ ပြုလုပ်ရောင်းချရေးနှင့် နိုင်ငံတကာ ဈေးကွက်ရရှိရေးကို အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ယခုသင်တန်းများသည် နိုင်ငံတော်၏ သယံဇာတ အချောထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကနဦးခြေလှမ်း ဖြစ်ပါကြောင်း၊ သင်တန်းသားများ အနေဖြင့်လည်း ဘာသာရပ်များကို ကောင်းစွာလေ့လာသင်ယူပြီး ကျောက်မျက် အချောထည်ကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာက သင်တန်းကျောင်း၏ အဓိက ရည်ရွယ်ချက်များ အောင်မြင်ရေးနှင့် သင်တန်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၏ ပံ့ပိုးဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးကျော်ရွှေ က လက်ရှိတွင် သင်တန်းကျောင်း အဆင့်မြှင့်တင် ဖွင့်လှစ်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး The Academy for Skills & Knowledge မှ မန်နေဂျင်းဒါရိုက်တာ ဦးအေးချမ်းကိုကို က သင်တန်းကျောင်းအတွက် ကျွမ်းကျင်မှုအခြေပြု သင်ရိုးညွှန်းတမ်း ရေးဆွဲရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများ၏ စာတွေ့၊ လက်တွေ့ သင်ယူမှု အခြေအနေများကို လှည့်လည်ကြည်ရှုကြသည်။

မြန်မာနိုင်ငံ၏ ကျောက်မျက်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည့် ကျွမ်းကျင် လုပ်သားလူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ပြီး နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက် နိုင်ရေးတို့ကို ပံ့ပိုးနိုင်ရန် ရည်ရွယ်၍ ကျောက်မျက်နှင့် လက်ဝတ်ရတနာ သက်မွေးမှုနည်းပညာ သင်တန်းကျောင်းကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

Myanmar Digital News


ပထမအကြိမ် ကျောက်မျက်ရတနာသင်တန်းကျောင်း(အမှတ်စဉ် ၁) သင်တန်းဆင်းပွဲ
သြဂုတ်လ ၅ရက် ၂၀၁၇

           မြန်မာနိုင်ငံ၏ ပထမအကြိမ် ကျောက်မျက်ရတနာသင်တန်းကျောင်း နေပြည်တော် သင်တန်းဆင်းပွဲကို  သြဂုတ်လ၅ရက်နံနက်၇နာရီခွဲတွင်သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။ မြန်မာသံယံဇာတနှင့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဝန်ကြီးဦးအုံးဝင်း၊ မြန်မာကျောက်မျက်ရတနာအသင်းဥက္ကဌ ဦးယုံးမူ၊ ကျောက်မျက်အချောကိုင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဌ၊ ကျောက်မျက်သင်တန်းကျောင်းကျောင်းအုပ်ဦးသောင်းကြည်၊ သင်တန်းသား ၃၀၀ကျော်နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတတ်ရောက်ခဲ့ ကြသည်။ 

          သင်တန်းကို ၂၀၁၇နှစ်စတွင် စတင်ခဲ့ပြီး နိုင်ငံတော် အစိုးရနှင့် ကျောက်မျက် အသင်း၏ထောက်ခံအားပေးမှုများနှင့် စတင်ဖွင့်လှစ်ခဲ့သည်။ သင်ခန်းစာများမှာ… ကျောက်မျက်အနုပညာ၊ ကျောက်စိမ်းအချောကိုင်၊ ကျောက်ပုတီး၊ ပတ္တမြား-နီလာအချောကိုင်သွေးခြင်း၊ ကွန်ပြူတာအသုံးပြု စက်ပန်းပု၊ လက် ပန်းပု၊ပယင်းအချောကိုင် စသဖြင့်ဘာသာရပ်များ ပါဝင်သည့်အပြင်သင်တန်းကိုအရည်အသွေးမြင့်မားပြီး နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်စေရန် ရည်ရွယ်ပြီးအင်္ဂလိပ်စာ၊တရုတ်စာ၊ ကွန်ပြူတာတို့ကိုလည်းသင်ကြားပို့ချခဲ့ပါသည်။

          အဆိုပါ သင်တန်းသို့ FITCဖူကျင် ကွန်ဖြူးရှပ်စင်တာ မှ တရုတ်စာသင်ကြားရေးအတွက် ဆရာစေလွှတ် ကူညီပံ့ပိုးခဲ့ပါသည်။ဆရာများသည်လည်းတရုတ်ပြည်မှ မာစ္စတာဘွဲ့ရဆရာများဖြစ်ကြပြီးသင်ကြားရေး ကျွမ်းကျင်ရုံသာမကသင်တန်းသားများကိုစည်းရုံးပြီးကျောင်းတွင်းအခြားသောကျောင်းတွင်းလှုပ်ရှားမှုများတွင်လည်းတက်ကြွစွာဖြင့် ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

        တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကျောင်းသားများပါဝင်သောပထမအကြိမ် သင်တန်းဆင်းပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နိုင်ငံတော်အတွက် လိုအပ်နေသောအတတ်ပညာရှင်များကိုမွေးထုတ်နိုင်ပြီးအလုပ်အကိုင် ပြသာနာရပ်များအတွက် တထောင့်တနေရာမှ ဖြေရှင်းနိုင်ခဲ့ပါသည်။ ဆက်လက်၍လည်းသင်တန်းများကိုဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

          

၂၃.၁.၂၀၁၇ ရက်နေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေနန်ပြည်နယ် ကျောက်မျက်ရတနာအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ လာရောက်လေ့လာမှု မှတ်တမ်း



၃.၄.၂၀၁၇ ရက်နေ့မှ “ စု ” ဖောင်ဒေးရှင်း အဖွဲ့မှ လာရောက်လေ့လာမှု မှတ်တမ်း


 


အာဆီယံ + ၈ နိုင်ငံမှ အဖွဲ့ဝင်များ လာရောက်လေ့လာမှု မှတ်တမ်း
၃.၈.၂၀၁၇ 


နေပြည်တော်တွင် ပထမဆုံး ကျောက်မျက်ရတနာသင်တန်းကျောင်း ဖွင့်လှစ်

နေပြည်တော်၊ ဇန်နဝါရီ ၁၁ ရက် ၂၀၁၇
မြန်မာနိုင်ငံ၏ ကျောက်မျက်ရတနာ အချောထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်မျက်ရတနာများ ကို တန်ဖိုးမြင့် အချောထည်များ အဖြစ် ထုတ်လုပ် ပို့ဆောင်နိုင်ရန် သစ်တော၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရွှေကြာပင် ကျောက်မျက် ရတနာ ဈေးအတွင်း၌ ကျောက်မျက်ရတနာ အချောထည် သင်တန်းကျောင်းကို နေပြည်တော်၏ ပထမဆုံး သော ကျောက်မျက် သင်တန်းကျောင်းအဖြစ် ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။

ထိုကျောင်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး သစ်တော၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက “တူးဖော်ရရှိလာတဲ့ သယံဇာတတွေကို အရင်ကလို ကုန်ကြမ်း တင်ပို့ခြင်းထက် တန်ဖိုးမြင့် အချောထည်များ ထုတ်လုပ် ပို့ဆောင်ခြင်းဟာ နိုင်ငံအတွက် ဝင်ငွေခွန် ပိုမိုရရှိ လာမှာ ဖြစ်သလို အလုပ်အကိုင် အခွင့် အလမ်းတွေလည်း ပိုမို ရရှိလာစေမှာဖြစ်ပါတယ်၊ ဥပဒေအသစ် ပြင်ဆင် ရေးဆွဲရာမှာလည်း ကျောက်မျက်ဆိုင်ရာ သင်တန်းတွေ ဖွင့်ဖို့ပါဝင်ပါတယ်၊ ဒီသင်တန်းဖွင့်ခြင်းဟာ သမိုင်းရဲ့ တောင်းဆိုမှု၊ ခေတ်ရေးစီးကြောင်း ပြောင်းရွှေ့မှုရဲ့ အနှစ်သာရ တစ်ခု ဖြစ်ပါတယ်” ဟု အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကျောင်းတွင် အဓိက ဘာသာရပ်များ အဖြစ် ကျောက်မျက်ရတနာ အချောထည် လက်ဝတ် ရတနာများ ပြုလုပ်သည့် ကွန်ပျူတာ ပန်းပု၊ လက်ပန်းပု၊ စက်ပန်းတိမ်၊ လက်ပန်းတိမ်၊ ကျောက်စိမ်း ဖြတ် – သွေး – အရောင်တင် စသည်တို့ကို သင်ကြားပို့ချရုံသာမက အခြေခံ အင်္ဂလိပ် စကားပြော၊ တရုတ် စကား ပြော၊ ပန်းချီ၊ ဒီဇိုင်း အခြေခံ၊ ကွန်ပျူတာ အခြေခံ စသည့် ပညာရပ်များကို သင်ကြားပေးမည် ဖြစ်ကြောင်း၊ နိုင်ငံသား အခြေခံ လူတန်းစားများ အသက်မွေးမှု အတတ်ပညာများ ဆင့်ပွား ရရှိစေဖို့၊ အသေးစား လုပ်ငန်း ရှင်များမှတစ်ဆင့် လုပ်ငန်းရှင်ကြီးများ ဖြစ်ပေါ်လာဖို့၊ ကျောက်မျက် ရတနာ နည်းပညာ ထိပ်တန်း နိငင်ငံတစ်ခု ဖြစ်လာဖို့၊ တန်ဖိုးမြင့် အချောထည်များ ထုတ်လုပ်မှုမှတစ်ဆင့် နိုင်ငံတော် အခွန် ဘဏ္ဍာများ တိုးပွား ရရှိစေဖို့ အတွက် တာဝန်ရှိသူ အားလုံးက ဝိုင်းဝန်း ပံ့ပိုးကြရန်နှင့် သင်တန်းသားများကလည်း စည်းကမ်းလိုက်နာပြီး အရည်အသွေး ပြည့်ဝသူများ ဖြစ်အောင် ရိုးရိုးသားသားဖြင့်ကြိုးစားကြဖို့ကိုလည်း ပြည်ထောင်စု ဝန်ကြီးက တိုက်တွန်း ပြောကြားခဲ့သည်။

ယနေ့ ဖွင့်လှစ်လိုက်သည့် သင်တန်းကျောင်းတွင် သင်တန်းသား ဦးရေ နှစ်ရာ တက်ရောက်ကြမည်ဖြစ်ပြီး ဘာသာရပ် ၁၀ မျိုးကို ခြောက်လ သင်ကြားပေးမည် ဖြစ်ကြောင်း၊ သင်တန်းကြေး၊ နေစရိတ်၊ စားစရိတ် အားလုံး အခမဲ့ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူက ပြော သည်။

“ဒီသင်တန်းကျောင်းကို ငွေကျပ် သိန်းပေါင်း ၂၄၄၉၃ သိန်းကျော် အကုန်အကျခံ တည်ဆောက်ခဲ့ပါတယ်၊ ကျွန်တော်တို့နိုင်ငံမှာ ကျောက်မျက် ကုန်ကြမ်း လုံလောက်စွာ ရှိသော်လည်း ကုန်ချော ဈေးကွက် ဖွံ့ဖြိုးမှု အားနည်းနေတာကို အထောက်အကူ ဖြစ်စေဖို့နဲ့ ခေတ်မီ ကျောက်စိမ်း ပန်းပုပညာရှင်တွေ ပေါ်ထွက်လာပြီး နိုင်ငံတော်နဲ့အများ ပြည်သူ ကို အကျိုး ပြုနိုင်ဖို့ ဒီကျောင်းကို တည်ဆောက်ခဲ့တာပါ” ဟု ၎င်းက ရှင်းပြခဲ့ သည်။

မြေဧရိယာ ၂၂၅ ဧက ကျယ်ဝန်းသည့် ရွှေကြာပင် ကျောက်မျက်ရတနာ ဈေးကွက်အတွင်း မြေကွက်ပေါင်း ၁၂၂ ကွက်ဖြင့် ကျောက်မျက် ကုမ္ပဏီ ရုံးခန်းများ၊ ပြခန်းများ တည်ဆောက်ခဲ့ရာ ယခုအခါ ၈၂ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီး ကျေက်မျက် ရတနာ သင်တန်းကျောင်းကိုပါ ဖွင့်လှစ်နိုင်ပြီဖြစ်ရာ အဆိုပါ သင်တန်းကျောင်း ရေရှည် ရပ်တည်နိုင်ရေးအတွက် ကျောက်မျက် ရတနာ ပြပွဲ ဗဟို ကော်မတီ ရန်ပုံငွေမှ သင့်တင့်သော ပမာဏကို ခွင့်ပြုချထားပေးဖို့လိုအပ်ကြောင်းနှင့် Gems Trading Company ရုံး အမြန်ဆုံး ဖွင့်လှစ်ပေးဖို့လိုအပ်နေ ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

အဆိုပါ ကျောက်မျက် ရတနာ သင်တန်းကျောင်း ဖွင့်လှစ်ပွဲသို့ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ အသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ် ကြားထားသော ဧည့်သည်တော်များ၊ ကျေကာ်မျက် သင်တန်းသူ သင်တန်းသားများ တက် ရောက်ခဲ့ကြသည်။ 

(ဆင်ဟွာ)


ကျောက်မျက်ရတနာသင်တန်းကျောင်း - ရန်ကုန်

ကမ္ဘာအေး ကျောက်မျက်ရတနာသင်တန်းကျောင်း ရန်ကုန်

 


ကမ္ဘာအေး ကျောက်မျက်ရတနာသင်တန်းကျောင်း ရန်ကုန်

 




Gems & Jewellery Training Teachers